ရုပ်ရှင်တွေရဲ့ Genre တွေဟာ Adventure | Sci-Fi
လို့ဆိုလိုက်ရင် ငယ်စဉ်တုန်းကတော့
စိတ်ဝင်တစားကြည့်ဖြစ်တယ်။
ဒီရုပ်ရှင်ကိုတော့ လူပြောများနေပေမယ့် Genre
ထဲမှာ Adventure | Sci-Fi အပြင် fantacy နဲ့ action ပါနေတော့
သိပ်ပြီးစိတ်မ၀င်စားမိခဲ့ပါဘူး။ preview
မှာလည်း ထူးဆန်းတဲ့တိရစ္ဆာန်တွေနဲ့
ပစ်သတ်တိုက်ခိုက်နေတာတွေရယ်
ကွန်ပြူတာဂိမ်းပုံစံဖြစ်နေတာရယ်ကို
သတိထားမိတယ်။ တစ်ခါ 3D လို့ ဆိုပေမယ့်လည်း
အခြားဖြစ်ရပ်မှန် documentary 3D တွေလောက်
ကောင်းပါ့မလား၊ animation တွေသိပ်များနေမလား
စတဲ့အတွေးတွေနဲ့…..
…… ဟိုတစ်ပတ်စနေနေ့က
ရပ်ရှင်ရုံထဲရောက်သွားခဲ့တယ်။
စောစောလေးကြိုရောက်လို့ ခုံမှာထိုင်ပြီး
ကလေးတွေပဲ လာကြည့်မှာပဲ..
ဟုတ်ကောဟုတ်သေးရဲ့လားဆိုပြီး
တွေးနေမိပြန်တယ်။ ဒီလိုနဲ့ ရုံထဲကို
မျက်မှန်အိတ်လေးတွေကိုင်ပြီး လူတွေ
တစ်ဖွဲဖွဲ ၀င်လာကြတယ်။ ဒီမြို့က
ရုပ်ရှင်ရုံတွေဟာ သာမန်အချိန်တွေမှာ
လူတစ်ဝက်ရှိရင်တောင်ကံကောင်း။
ဘာဖြစ်လို့လည်းဆိုတော့ ရုံကြီးတစ်ရုံထဲမှာ
ရုံသေးလေးတွေ အခုနှစ်ဆယ်လောက်ရှိတော့
အခြားကားပေါင်း နှစ်ဆယ်လောက်ကိုလည်း
တစ်ပြိုင်နက်ပြလေ့ရှိတော့ ရုံတစ်ရုံမှာ
လူအနည်းငယ်ပဲရှိတတ်တယ်။ အခုကတော့ လူတွေ
တစ်ဖွဲဖွဲဝင်လာလိုက်တာ
လျှံတောင်ကျတော့မယ်။ ပရိသတ်ကတော့
ထင်ထားတဲ့အတိုင်း တစ်ဝက်ကျော်ကျော်က
ဆယ်ကျော်သက်တွေများတယ်။ Rated 14-A
ဆိုပေမယ့်လည်း အသက်ရှစ်နှစ်၊
ဆယ်နှစ်လေးတွေလည်း ပါတယ်။ အဲဒီချိန်မှာ ESL
ကျောင်းလာတက်ပုံရတဲ့ ဆယ်ကျော်သက်
ကိုရီးယန်းယောင်္ကျားလေးတွေနဲ့ မိန်းကလေးတွေ
အယောက်အစိတ်လောက် ထိုင်နေတဲ့ အတန်းနဲ့
ရှေ့တန်း၊ နောက်တန်းတွေမှာ
ဝင်ထိုင်ကြတယ်။
ရုပ်ရှင်မစခင်
အခြားရုပ်ရှင်တွေရဲ့ preview တွေအားလုံးကလည်း
ကလေးကားတွေ။ ရုပ်ရှင်စတော့ 3D
မျက်မှန်ကိုတပ်၊ ခုံကိုကျောမှီပြီး
စိတ်လှုပ်ရှားခြင်းမဲ့စွာ
ကြည့်နေလိုက်တယ်။
သိပ်မကြာပါဘူး…
ယာဉ်ပျံကြီးထဲက cryo vault ထဲက cryo capsules
တွေ၊ ဆွဲငင်အားသုညမှာ လွင့်မျောနေတဲ့ med tech.
တွေ၊ အော်ပရေးရှင်းစင်တာထဲက
ကွန်ပြူတာခုံတွေ၊
ဘိုင်အိုဓာတ်ခွဲခန်းထဲမှာရှိတဲ့ amniotic
အရည်ထဲက လူနဲ့အဲဒီလပေါ်က လသားတွေရဲ့ DNA
တွေကိုပေါင်းစပ်တီထွင်ထားတဲ့
ကိုယ်ခန္ဒာတွေ၊ အထူးသဖြင့် Dr. Grace Augustin (Sigourney Weaver) နဲ့
Colonel Miles Quaritch (Stephen Lang) တို့ရဲ့
အတွေ့အကြုံရင့်ကျက်နေတဲ့ သရုပ်ဆောင်မှုတွေ၊
ပြောင်မြောက်တဲ့စကားပြောတွေနဲ့ ရုပ်ရှင်က
ရုပ်လုံးကြွလာတယ်။
ဒီရုပ်ရှင်ကားရဲ့ Genre ဟာ
Action/Adventure/Suspense/Thriller/Scifi/Fantasy လို့ ဆိုနိုင်ပေမယ့်
လူတွေရဲ့ စိတ်ခံစားချက်တွေနဲ့
ဘ၀အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီး
ရုပ်ရှင်ရဲ့genre အပေါ်ယူဆချက်တွေဟာ
ဆန့်ကျင်စွာကွဲပြားသွားကြမှာသေချာတယ်။
ကြာကြာဆက်ကြည့်ရင်
ကိုလိုနီစိတ်ဓာတ်ဆိုင်ရာ
ချယ်လှယ်အမြတ်ထုတ်မှုအပိုင်းတွေကိုပါ
ထည့်သွင်းထားတာကို တွေ့မြင်လာနိုင်တယ်။
အဲဒီအထဲမှာမှ ပန်ဒိုရာလပေါ်က
ရှိသမျှအရာမှန်သမျှကို
ချယ်လှယ်ခွင့်ရထားတဲ့
ပုဂ္ဂလိကကုမ္ပဏီတစ်ခုရဲ့ Resources Development Administration
ခေါင်းဆောင်Parker Selfridge ရဲ့
စစချင်းပြောလိုက်တဲ့
“နယ်ခံတွေကို လှည့်စားနိုင်ဖို့
သူတို့လို နေတတ်၊ စားတတ်၊ ပြောတတ်၊
ဆိုတတ်ရမယ်…” ဆိုတဲ့ စကား။
You’re supposed to be winning the hearts and minds of the natives. Isn’t
that the whole point of your little puppet show? If you look like them, if you talk like them, they’ll trust
you?
ဆိုတဲ့ စကားလုံးတွေနဲ့တင်..
anti-colonialism /anti-capitalism လှုံ့ဆော်လိုက်တယ်၊
လမ်းခင်းလိုက်တယ်ဆိုတာ သိသာနေတယ်။
Isn't that the whole point of your little puppet show? You walk like them, you
talk like them. We build them a school, teach them English, but after how many years the relations with the indigenous
are only getting worse.
မင်းရဲ့မထိရောက်တဲ့
ရုပ်သေးပွဲပဲ။ နယ်ခံတွေအတွက်
ကျောင်းတွေဆောက်ပေးထားတယ်၊
အင်္ဂလိပ်စာသင်ပေးတယ်..
သူတို့လိုနေထိုင်စားသောက်တယ်၊ ဒါတောင်မှ
ဆက်ဆံရေးတွေအဆင်မပြေလာဘူး လို့ Selfridge က
စကားကို တင်လိုက်တယ်။
အဲဒီချိန်မှာ “Yeah, well that tends to happen when you
use machine guns on them”. လို့ Dr. Grace Augustine က စကားကို ချ
လိုက်တယ်။
ပထမအခန်းမှာတင်.. သူတို့တွေရဲ့
စကားအတင်အချတွေကိုကြည့်လိုက်တာနဲ့
နောက်ဆုံးလူဖြူတစ်ယောက်ယောက်ကပဲ
ခေါင်းဆောင်လုပ်မယ်၊
နယ်ခံမိန်းကလေးတစ်ယောက်ယောက်ရဲ့
နှလုံးသားကို အနိုင်ရမယ်၊ ပြီးတော့
နယ်ခံတွေကိုခေါင်းဆောင်မှုပြုပြီး
အမြတ်ထုတ်သမားတွေ (လူဆိုးတွေကို) ပြန်ပြီး
တိုက်ထုတ်တော့မယ့်ရုပ်ရှင်
တစ်ခုဖြစ်မှာကို ကြိုမြင်နိုင်ပါတယ်။
(အချို့သော မြန်မာရုပ်ရှင်ကားတွေလို..
မြို့သားကအမြဲ ပညာတတ်၊ ရုပ်ချော၊
စိတ်သဘောကောင်း၊ သူတော်ကောင်းဖြစ်ပြီး
နယ်ကမိန်းကလေးရဲ့ နှလုံးသားကိုကော၊
မိသားစု၊ တစ်ရွာလုံးရဲ့ချစ်ခင်မှုတွေကို
ရပြီး၊ မိန်းကလေးကို
တစ်ဖက်သတ်ကြိုက်နေရှာတဲ့ နယ်သားလေးကပါ
လေးစားပြီး အချစ်ကိုစတေးပေးလိုက်ရတဲ့
ရုပ်ရှင်ဆန်ဆန်မျိုးသရပ်ဖော်ထားမယ်ဆိုတာ
မြင်နိုင်ပါတယ်)

ကျမရင်ကို အထိဆုံးအခန်းကတော့
နောက်ဆုံးပေါ် တိုက်လေယာဉ်ပျံတွေ၊
စက်သေနတ်တွေ၊ ရော့ကတ်လောင်ချာတွေနဲ့
နယ်ခံတွေခိုကိုးနေထိုင်ရာ သစ်ပင်ကြီးကို
အမြစ်လှန်ပစ်ဖို့ ချီတက်လာချိန်မှာ၊
နယ်ခံ(Na’Vi)တွေဟာ ရှိတဲ့လေးနဲ့မြှားတွေနဲ့
ပြန်ပစ်ပြီး ခုခံကာကွယ်တဲ့ အခန်းပါပဲ။
ဒါရုပ်ရှင်တစ်ခုပဲလို့ ကိုယ့်ကိုကိုယ်
သတိပေးနေတာတောင်မှ မျက်လုံးထဲမှာ
လူနီအင်းဒီးယန်းတွေကို လူဖြူတွေ
အနိုင်ရသွားပြီး
မြောက်နဲ့တောင်အမေရိကတိုက်ကြီးတစ်ခုလုံးမှာရှိတဲ့
ဒေသခံလူတွေ ရဲ့စကားတွေပါ
အမြစ်ပြုန်းပျောက်ကွယ်လုဖြစ်တာတွေ နဲ့
အင်္ဂလိပ်-မြန်မာ စစ်ပွဲတွေ
မျက်စိထဲမှာတန်းစီပြီး ပေါ်လာတော့တာပါပဲ။
တစ်ချိန်ထဲမှာပဲ ကောင်းကင်ကိုရဲ့ “ကျွန်”
ကဗျာကလည်း ခေါင်းထဲကိုရောက်လာတယ်။
အဲဒီအချိန်မှာပဲ ပန်ဒိုရာလပေါ်က နယ်ခံတွေ
ခိုကိုးနေထိုင်တဲ့ သစ်ပင်ကြီးတအိအိပြိုလဲ၊
မီးတွေလောင်၊ နယ်ခံ(Na’Vi)တွေ
ကမ္ဘာပျက်သလိုပြေးလွှားအော်ဟစ်တော့
နှုတ်ခမ်းတွေတုန်လာပြီး
သက်ပြင်းတွေကြိတ်ရှိုက်နေခဲ့ရတယ်။ ဘေးနားက
ဆယ်ကျော်သက် ကိုရီးယန်းလေးတွေကတော့
နောက်ဆုံးပေါ်နည်းပညာတွေကို
ခံစားနေပြီးသဘောကျနေကြတယ်။
ဒီရုပ်ရှင်မျိုးဟာ anti-colonialism /anti-capitalism/
anti-exploitation theme တွေကို မသိမသာ ဒါမှမဟုတ်
သိသိသာသာကြီးကို မီးမောင်းထိုးပြထားပြီး
white-males-leaders တွေကိုမွေးထုတ်ထားတဲ့ အခြားသော
white-guilt-story ရုပ်ရှင်မျိုးလို့ မြင်မယ်ဆိုလည်း
မြင်နိုင်ပါတယ်။
နောက်တစ်ခုက
လူသားတွေဘက်ကကြည့်ရင် Jake ဟာ ကိုယ့်အမျိုးကို
သစ္စာဖောက်သူ race traitor တစ်ယောက်။ သူဟာ အမိန့်ကို
မနာခံတဲ့အပြင် Na’ Vi တွေဘက်ကို ပါသွားသူ။
ကိုယ်ဆိုရင်ကော Jake နေရာ ဘာလုပ်မလည်း။
လူသားတွေကပို ခွန်အားကြီးတယ်၊
နည်းပညာပိုမြင့်တယ်၊ လှည့်စားတတ်တယ်။ Na’ Vi
တွေကျတော့ ဒီအမြတ်ထုတ်တဲ့ အုပ်စုနဲ့ယှဉ်ရင်
spiritual သမားတွေ၊ မလိုအပ်ဘဲ တိရစ္ဆာန်တွေကိုတောင်
မသတ်ဖြတ်ဘူး။ Jake ဟာ လူသားဘ၀မှာ ခြေမသန်ဘူး။ Na’
Vi တစ်ယောက်ဘ၀မှာ သူ့ရဲ့ခြေထောက်တွေဟာ
သန်မာတယ်။ Neytiri ကလည်း ငယ်တယ်၊ လှတယ်။
ပန်ဒိုရာကလည်း လှတယ်။ Neytiri
ကိုဘေးနားမှာထားပြီး လှပတဲ့ ပန်ဒိုရာပေါ်က
ရေတံခွန်တွေထဲမှာ ကူးခတ်ရတာ၊ လေထဲမှာ
မျောနေတဲ့ လေပေါ်ကျွန်းကြီးတွေကြားမှာ
နဂါးတွေကို စီးနေရတာ ကြည်နူးမိမှာပဲ။ သူဟာ
Na’ Vi တစ်ယောက်အနေနဲ့ ရပ်တည်သွားချင်တာ
မမှားဘူး။ ဒါပေမယ့်
လူသားတွေဘက်ကကြည့်ရင်တော့
သစ္စာဖောက်တစ်ယောက်ဖြစ်သွားရသူ…..။
ဒီရုပ်ရှင်ကို
အပေါ်မှာထောက်ပြတဲ့ အကြောင်းလေးတွေကို
အလေးအနက်တွေ သိပ်မတွေးပဲ၊
သူတို့ဘာပေးချင်နေတာလည်းကို ကျမလုပ်မိသလို
အကုန်လုံးစုပ်ယူဖို့ မကြိုးစားဘဲ၊
ရုပ်ရှင်ကိုရုပ်ရှင်လိုပဲကြည့်မယ်ဆိုရင်လည်း
သိပ်လှတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပါ။
Neytiri က Jake ကို သတ်ဖို့မြှားနဲ့
သစ်ပင်တွေကြားကချိန်ထားတုန်း၊ ကောင်းကင်က
လည်းမွှေးလိုအရာ (woodsprite) လေးက
ဖြေးဖြေးလေးလွင့်မျောလာပြီး မြှားပေါ်မှာ
လာနားနေတယ်။ နယ်ခံတွေ
မြင့်မြတ်တယ်လို့ယူဆတဲ့ သစ်ပင်ကြီးရဲ့
ပျံသန်းနေတဲ့သစ်စေ့တွေ…
မြင့်မြတ်သန့်ရှင်းတဲ့ ၀ိညာဉ်တွေ (very pure spirits)
ကို ကိုယ်စားပြုတဲ့ အရာလေးတွေမှ တဆင့် Eywa (deity)
ရဲ့ နမိတ်ပြမှုကြောင့် Jake ကို မသတ်တော့ဘဲ၊
သူမမိခင်ဖြစ်သူ ၀ိညာဉ်ထိန်းဆီကတစ်ဆင့်
ဘာတွေများသိရနိုင်မလည်းဆိုတဲ့ အတွေးနဲ့၊
သူမတို့ Na’ Vi တွေ နေထိုင်ရာ
သစ်ပင်ကြီးဆီခေါ်သွားခဲ့တယ်။
သူမ မိခင်က Jake ကို Na’ Vi တွေရဲ့
နည်းတွေကို သင်ပေးဖို့ Neytiri ကိုခိုင်းတော့ Neytiri
က ငြင်းတာတွေ၊ နောက်ဆုံး မိခင်ကို
မလွန်ဆန်နိုင်ဘဲ Na’ Vi တွေရဲ့ နည်းတွေကို
သင်ပေးပြီး အနေနီးစပ်ပြီး
ချစ်သွားကြတာတွေ။
ပန်ဒိုရာတောနက်ကြီးကို
စိတ်ကူတွေရယ် နည်းပညာတွေရယ်နဲ့
အလှဆင်ထားတာကလည်း အံ့မခန်းပါပဲ။
စိတ်ကူးယဉ်ချင်စရာ စိမ်းမြညိုမှောင်နေတဲ့
နတ်သမီးကမ္ဘာကြီး။ လမ်းလျှောက်လိုက်တိုင်း
မြေပြင်ပေါ်ကရေညှိစိမ်းကလေးတွေက
မီးလေးတွေလင်းပြီး
မီးဝိုင်းဝိုင်းစိမ်းစိမ်းလေးတွေ ရိပ်ကနဲ
ရိပ်ကနဲထွက်လာတာတွေ၊
ထိလိုက်တိုင်းမီးလင်းသွားတဲ့ ပန်းပွင့်တွေ
သစ်ပင်တွေ။ ညပိုးကောင်လေးတွေ၊ ထူးဆန်းတဲ့
တိရစ္ဆာန်တွေနဲ့ neural link ချင်းဆက်သွယ်ပြီး
စိတ်နဲ့စေခိုင်းတာတွေ၊ ခံစားချက်မျှဝေတာ၊
အပေးအယူမျှတာတွေ၊ တိရစ္ဆာန်နဲ့လူ ဖြစ်ဖြစ်၊
လူအချင်းချင်းပဲဖြစ်ဖြစ်
တစ်ဖက်သတ်မဟုတ်တဲ့ တစ်ဦးနဲ့တစ်ဦး
အပြန်အလှန်ရွေးခြယ်မှုတွေ၊
ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ မသိမသာ
ပညာပေးမှုလေးတွေ…။

ရုပ်ရှင်Genre ထဲမှာ fantacy နဲ့ action
ပါနေရင် သိပ်စိတ်မ၀င်စားတတ်ခဲ့ပေမယ့်
ဒီရုပ်ရှင်ကိုကြည့်ပြီးတဲ့နောက်မှာတော့
လူသားတွေနဲ့ Na’Vi စစ်ပွဲထဲမှာ
ကိုယ်တိုင်ပါဝင်ဆင်နွှဲပြီး
ကမ္ဘာပေါ်ပြန်ရောက်လာသလိုပါပဲ။
ဒီရုပ်ရှင်ကို ကြည့်သင့်လား၊
မကြည့်သင်လားလို့ မေးမယ်ဆိုရင်တော့
သေချာပေါက်ကြည့်သင့်တဲ့ ရုပ်ရှင်လို့
ဆိုချင်ပါတယ်။
အပေါ်ယံဖျော်ဖြေမှုတစ်ခုအနေနဲ့ ကြည့်တာတောင်
တန်နေပါပြီ။ နည်းပညာနက်နဲမှုတွေ၊
အနောက်နိုင်ငံသားတွေရဲ့ အခြား race
တွေပေါ်မှာရှိတဲ့ အမြင်တွေနဲ့ယူဆချက်တွေ၊
သူတို့ကိုယ်သူတို့ ပြန်မြင်တာတွေနဲ့….
သူတို့တွေရဲ့ အခြား..အခြားသော
အတွေးယာဉ်ကိုစီးပြီး ကြည့်မယ်ဆိုရင်တော့ ..
ပိုပြီးတောင် တန်နိုင်ပါသေးတယ်လို့…
သံလမ်း
ပင်ဂွင်း နဲ့ ဆော်လမွန်တို့
အိမ်အပြန်…
အရှုံးသမား ဘီလီ
အခြားရုပ်ရှင်များ
