မိုးရေစိုစိုကတ္တရာလမ်းမပေါ်တွင်
ဦးတည်ချက်ကွဲပြားခြားနားစွာရွေ့လျားနေခဲ့ကြသော
ရောင်စုံဖိနပ်များပေါ်မှ
ခြေထောက်အမျိုးမျိုးကို
သူလိုက်ငေးနေမိခဲ့သည်။ မြို့ထဲလမ်းမပေါ်မှ
တိုက်နံရံတစ်ခုရှေ့တွင်တာလပတ်အ
မိုးဖြင့်အဖီဆွဲကာရောင်းသော
လမ်းဘေးလက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်အတွင်း
တစ်ယောက်တည်းသူထိုင် နေရင်းမှဖြစ်၏။
ခေါင်းပေါ်မှ
ခပ်နိမ့်နိမ့်တာလပတ်အမိုးပေါ်သို့
ရွာသွန်းနေဆဲမိုးရေစက်များက တစ်ဖောက်
ဖောက်မြည်သံပေးကာ
ခပ်မှန်မှန်ကျဆင်းနေကြလေသည်။ သို့သော်
ထိုအသံများက ဆိုင်အတွင်းရှိလူအချို့
၏စကားပြောသံများနှင့် တစ်ခါတရံအရောရော၊
အနှောနှောဖြစ်ဖြစ်သွားတတ်၏။
လမ်းမပေါ်ကိုငေးမောနေခဲ့ရင်း
လက်မှနာရီကိုတစ်ချက်ငုံ့ကြည့်မိသည်။
နာရီလက်တံများက ညနေငါးနာရီခွဲ
ကာနီးပြီဖြစ်ကြောင်း ညွှန်ပြနေခဲ့ကြ၏။
အိမ်အပြန်နောက်ကျတော့မှာပဲ....ဟု
စိတ်မသက်မသာဖြစ်စွာတွေးမိ ရင်း
ဘာရယ်မဟုတ်ပဲနှင့်
သက်ပြင်းတစ်ချက်ရှိုက်မိလိုက်သည်။ နောက်...
သွယ်လာမည့် လမ်းမဘက်သို့
လှမ်းမျှော်ငေးမိပြန်၏။ သို့သော်
သွယ့်အရိပ်အယောင်ကို ခုထိသူမမြင်ရသေးပါ.....။
ထို့ကြောင့် လက်ဖက်ရည် ဆိုင်လေးတွင်
တစ်ယောက်တည်းထိုင်နေရသောအချိန်များကို
ထပ်မံကျွမ်းလောင်စေရန် အိတ်ကပ်ထဲမှဆေး
ပေါ့လိပ်တစ်လိပ်ကိုထုတ်ကာမီးညှိဖွာရှိုက်နေလိုက်မိသည်။
သွယ်ကတော့ နေ့ခင်းကတည်းက သူအလုပ်လုပ်သော
ကုမ္ပဏီကိုလှမ်းပြီးဖုန်းဆက်ထားခဲ့ပါသည်။
သူငယ်
ချင်းဟောင်းများတွေ့ဆုံကြသည့်ပွဲသို့
သူမအလုပ်လုပ်သော
ကုမ္ပဏီမှနေ့ဝက်ခွင့်ယူကာသွားမည်၊ သို့သော်
အိမ် ပြန်ချိန်တွင် အတူတူပြန်ဖို့
စောင့်နေကျဒီလက်ဖက်ရည်ဆိုင်လေးကနေပြီးတော့ပဲ
စောင့်နေပါ....၊ အချိန်မှီ သူမ
ပြန်လာပါ့မည်....ဟုပင်....။ ထို့ကြောင့်
သူထိုင်စောင့်နေမိသော်လည်း
ရုံးဆင်းချိန်ငါးနာရီတော်တော်ကျော်
နေခဲ့တာတောင်မှ သွယ်က
ပြန်ရောက်မလာနိုင်ခဲ့သေးပါ.....။
သူအလုပ်လုပ်သော ကုမ္ပဏီနှင့်
သွယ်အလုပ်လုပ်သော ကုမ္ပဏီတို့က
ရန်ကုန်မြို့ထဲတွင် နှစ်လမ်းလောက်
သာခြားပါသည်။ ထို့ကြောင့် ပြန်ချိန်တိုင်း
သူက
သွယ်တို့ကုမ္ပဏီမျက်စောင်းထိုးနေရာလောက်မှာရှိသော
ဒီ
လက်ဖက်ရည်ဆိုင်လေးတွင်လာစောင့်နေကျဖြစ်၏။
ပြီးမှနှစ်ယောက်အတူတူ
ဆင်ခြေဖုံးရပ်ကွက်လေးရှိ သူတို့ ငှားနေသော
အိမ်ကလေးဆီသို့
ဘတ်(စ်)ကားစီးကာပြန်ရမြဲဖြစ်ပါသည်။
သူနှင့်သွယ်တို့က
အိမ်ထောင်သက်တစ်နှစ်ကျော်ကျော်လောက်သာရှိသေးသောဇနီးမောင်နှံများပင်ဖြစ်ကြပါ
သည်။
ညားကာစ,ဇနီးမောင်နှံများဟု....ဆိုလျှင်ရနိုင်မည်ထင်၏။
~~~~~@@@~~~~~
ညနေခြောက်နာရီ.....။
ဆေးလိပ်မီးခိုးများကို
စိတ်မရှည်စွာသူမှုတ်ထုတ်ပစ်လိုက်မိ၏။
မိုးရေစိုစွတ်ဆဲ လေထုထဲတွင် ဆေးလိပ်မီးခိုး
ငွေ့များက ချက်ခြင်းမကွဲပြားသွားကြ။
တစ်ခဏလောက်ကြာ
အစိုင်အခဲအဖြစ်ဖွဲ့တည်နေခဲ့ပြီးမှ
ပျယ်လွင့်သွား ကြလေသည်။
သို့သော်သူ့စိတ်ထဲမှ
ဘာရယ်မသိသောကြိတ်ဒေါသတစ်ခုကတော့
လွင့်ပြယ်လို့မသွားနိုင်ခဲ့ပါ။
စားပွဲပေါ်မှ
သွယ်လာလျှင်သောက်ဖို့ချန်ထားသော
တစ်ဝက်တိတ်ကျန်နေသေးသည့်
ပေါ့ဆိမ့်လက်ဖက်ရည်များ သည်ပင်
အတော့်ကိုအေးစက်နေခဲ့ပြီဖြစ်သည်။
အေးခဲနေသော လက်ဖက်ရည်မျက်နှာပြင်လို
သူ့မျက်နှာလည်း တင်းမာနေခဲ့လိမ့်မည်ထင်၏။
သွယ်ခုထိ ရောက်မလာခဲ့သေးပါ။
ဆိုင်အပြင်ဖက်မှ မိုးစိုစိုကောင်းကင်သည်
ပိုမိုညို့မှောင်လာသည်ထင်ရ၏။
လေပြင်းတွေခပ်ရမ်းရမ်းတိုက်လာ တာကိုလည်း
သူသတိထားမိလိုက်သည်။
မိုးမှောင်နေသောအရိပ်ကြောင့်
လိုတာထက်ပိုစွာရင့်ရော်မှိုင်းမှောင်
နေလေခဲ့သောညနေခင်းထဲတွင်
ညမီးရောင်များပင်စောစီးစွာဖြင့်
အပြိုင်အဆိုင်လင်းလက်ဖျာဆင်းလာကြ၏။
ယင်ကောင်တစ်ကောင်က တစ်ဝီးဝီးမြည်သံပေးကာ
သူ့နားအနားတွင် လူးလားပျံသန်းနေသည်။
စိတ်မရှည် စွာဖြင့် သူ့နားနေရာနားကို
လက်ဖြင့်ပုတ်ထုတ်ပစ်လိုက်တော့ ယင်ကောင်က
သွယ့်အတွက်ချန်ထားသော
လက်ဖက်ရည်ခွက်နားတွင်
ရစ်သီရစ်သီလုပ်နေပြန်လေသည်။
အလုပ်မရှိအလုပ်ရှာရင်း ယင်ကောင်နှင့်ဖက် ကာ
ခပ်ကြိတ်ကြိတ်သူရန်ဖြစ်မိ၏။
ယင်ကောင်ကိုခြောက်ထုတ်ရင်း
လက်ဖက်ရည်ခွက်ကို အောက်ခံပန်း
ကန်ပြားဖြင့်ဖုံးထားရာမှ
ဖွင့်ကြည့်လိုက်တော့ လက်ဖက်ရည်သည်
ငွေ့ငွေ့လေးမျှပင် နွေးမနေတော့..........။ သူ့
စိတ်ထဲမှနေ
တောက်တစ်ချက်ကြိတ်ခေါက်ပစ်လိုက်မိ၏။
နောက်ပြီး ‘ဒီမိန်းမ
ဘယ်သူတွေနဲ့များတွေ့နေလို့ ဒီ
လောက်ကြာနေတာပါလိမ့်...၊
ယောက်ျားတစ်ယောက်လုံး
စိတ်ပူပြီးစောင့်နေရမှာ
မသိဘူးလား’.....ဟုခပ်တိုး
တိုးရေရွတ်မိလိုက်ပြန်သည်။
တိုက်ဆိုင်သည်ဟု ဆိုမလား။
ထိုခဏအတွင်းမှာပင် သူ့စားပွဲအရှေ့လမ်းမပေါ်
သို့ တက္ကစီတစ်စီး ထိုးရပ်လာ၏။
မျှော်လင့်ခြင်းကြီးစွာဖြင့် တက္ကစီထဲသို့
သူလှမ်းမျှော်ကြည့်မိသည်။ ကားဆီ
မှနေထိုးထားသော ရှေ့မီးသီးအလင်းတန်းထဲတွင်
မိုးရေစက်များက
စောင်းငမ်းငမ်းနိုင်လှစွာဖြင့် ရွာကျနေခဲ့
တာတွေ့ရ၏။ သို့သော် ကားထဲမှလူများက
သူမျှော်လင့်ထားသောသွယ်တို့မဟုတ်.....။
သူသက်ပြင်းတစ်ရှိုက်
ခိုးရှိုက်လိုက်မိဆဲ.....။
“မောင်”....
ခေါ်သံကြောင့် သူလှည့်ကြည့်မိတော့
မိုးရေအနည်းငယ်စွတ်စိုနေသောဆံပင်ကပိုကရိုလေးနှင့်
သွယ့်ကိုတွေ့ လိုက်ရ၏။ တစ်ချိန်လုံး
သူမျှော်နေမိသည့်ဖက်နှင့် ဆန့်ကျင်ရာမှ
သွယ်ရောက်လာတာမို့ သူ့စိတ်ထဲတွင်နည်း နည်း
ယောင်တိယောင်တောင်ဖြစ်သွားရသည်။ သွယ့်ကို
ပြုံးပြရင်း နောက်မှအတူပါလာသူနှစ်ယောက်ကို
စူး စမ်းစွာသူကြည့်မိ၏။
သွယ့်နောက်မှာပါလာသူနှစ်ယောက်က
သူတို့နှင့်မတိမ်းမယိမ်းအရွယ်လောက်ပဲရှိမည့်
အမျိုးသားတစ်ယောက်နှင့်
အမျိုးသမီးတစ်ယောက်ပင်.....။
မိုးရေအနည်းငယ်စိုနေသော
ဆံပင်လေးကိုထပ်မံသပ်တင်ရင်းသွယ်ကမေးလေသည်။
“မောင်....စောင့်နေတာ
အရမ်းကြာသွားတယ်ထင်တယ်နော်”......
သူပြုံးရင်းခေါင်းခါပြလိုက်မိသည်ထင်၏။
သိပ်တော့မသေချာ.....။
“မိတ်ဆက်ပေးရဦးမယ်....။ ဟဲ့....မင်းလွင်နဲ့
ယမုံ ဒါ....ငါ့အမျိုးသားလေ...၊
ကိုမင်းမြတ်တဲ့...။ ၃၄လမ်းထဲက “.....” ကုမ္ပဏီမှာ
အကောင့်တန့်(စ်)လုပ်တယ်လေ”......
သွယ့်မိတ်ဆက်စကားထဲမှ
‘မင်းလွင်’ဆိုသောနာမည်တစ်ခုကြောင့်
သူ့ကျောရိုးတစ်လျှောက် စိမ့်ခ,နဲဖြစ်မိ
သွားရသလိုလို.....။
“မောင်...သူတို့က သွယ့်ရဲ့
သူငယ်ချင်းတွေပဲလေ.....။ သူက ယမုံ၊ သူက
မင်းလွင်တဲ့.....။ မောင်နဲ့ မတွေ့ခင် ကတည်းက
ခင်ခဲ့ကြတဲ့သူငယ်ချင်းတွေပေါ့.....။
မောင်နဲ့တွေ့တော့ သူတို့တွေက
ပြည်ပရောက်နေကြပြီ.....။ အဲ့ဒါကြောင့်
မောင်နဲ့တစ်ခါမှမဆုံဖူးသေးလို့ရယ်...၊
နောက်ပြီး သူတို့ကလည်း
မောင်နဲ့တွေ့ချင်တယ်လို့ ပူဆာ ကြတာနဲ့
မင်းလွင်က ဒီကိုတမင်လိုက်ပို့တာ....၊
ကဲ.....ခုတော့ ဆုံဖူးကြပြီပေါ့”......
ဆက်ပြောနေသော
သွယ့်စကားများကိုအလိုက်သင့်ခေါင်းငြိမ့်ကာ
ထိုနှစ်ယောက်ကိုပြုံးပြမိ၏။
“တွေ့ရတာ ၀မ်းသာပါတယ် ကိုမင်းမြတ်”.....
မင်းလွင်ဆိုသူက
ပြုံးကာပြောရင်းလက်ကမ်းပေးတာမို့
သူနှင့်လက်ဆွဲနှုတ်ဆက်ဖြစ်ကြသည်။
လက်ဆွဲနှုတ် ဆက်ကြမှ သူ့ကိုယ်သူသတိထားမိလာ၏။
သူ့လက်များက
မင်းလွင်ဆိုသောသူလက်နှင့်ယှဉ်လိုက်တော့ အ
တော့ကို အေးစက်စက်နိုင်လွန်းနေမှန်းပင်.....။
ပြန်ပြုံးပြမိလိုက်သော
သူ့အပြုံးတစ်ခုကတော့ဖြင့် ပီပြင်မှုရှိ
မည်ထင်ရပါသည်။
“ယမုံလည်း...တွေ့ရတာဝမ်းသာပါတယ်နော်....ကိုမင်းမြတ်”.....
သူထပ်မံပြုံးရင်းခေါင်းငြိမ့်ပြလိုက်မိပြန်သည်။
ဒီခပ်စောင်းစောင်းညနေခင်းအတွက်
သူ့အပြုံးများသည် ခဏခ ဏဖြစ်တည်ခဲ့ရလေပြီ.....။
နောက်... အချင်းချင်းနှုတ်ဆက်နေကြသော
သွယ်တို့သုံးယောက်ကိုကြည့်နေရင်း
သူ့မျက်လုံးများက မင်းလွင်ဆိုသောသူဆီသို့
ဘာရယ်မဟုတ်စွာရောက်သွားမိသည်။
တောက်ပသော အ၀တ်အစားအသုံးအဆောင်များ၊
လက်ကိုင်ဖုန်းနှင့်
ဟိုဖက်ပလက်ဖောင်းတွင်ရပ်ထားခဲ့ သည်ဆိုသော
ကိုယ်ပိုင်ကားနှင့်အတူ
ယောက်ျားပီသစွာခန့်ညားချောမောသော
မင်းလွင်ဆိုသူဟာ သူကြား ဖူးခဲ့၊
သွယ်ကိုယ်တိုင်ပြောပြဖူးခဲ့တဲ့ တစ်ချိန်က
သွယ်နှင့်ပတ်သတ်ခဲ့ဖူးသူ၊
သွယ့်ချစ်သူတဲ့လား.....။ သူ့ရင်ထဲ တွင်
ဝမ်းနည်းမိသလိုလို၊
အားငယ်မိသလိုလိုခံစားချက်တစ်ခုက
လျှပ်တိုက်ဖြတ်ပြေးသွားသည်ထင်ရ၏။ မင်း
လွင်ဝတ်ထားသော
အကောင်းစားစပို့ရှပ်တစ်ထည်ရဲ့တန်ဖိုးသည်ပင်
သူဝတ်သော ချည်ချောပုဆိုးနှစ်ထည်၊
သုံးထည်စာဖိုးလောက်ရှိနေခဲ့သည်မဟုတ်ပါလား....။
“မောင်.....သွယ့်အတွက်
လက်ဖက်ရည်ချန်ထားသေးလားဟင်”....
နှုတ်ဆက်ထွက်သွားသော
ယမုံတို့ဆိုင်တစ်ဖက်အစွန်းသို့မရောက်ခင်လေးမှာပင်
သွယ်ကမေးလာ၏။ သူနှင့်
အကြိုက်ချင်းတူစွာပေါ့ဆိမ့်လဖက်ရည်ကို
စွဲစွဲလန်းလန်းသောက်တတ်သော
သွယ့်ကိုငုံ့ကြည့်ရင်း သူပြန်ဖြေ မိသည်။
“မသောက်နဲ့တော့ အရမ်းအေးစက်နေပြီ”.....
အေးစက်နေသော လက်ဖက်ရည်နှင့်အတူ သူ့လေသံလည်း
အေးခဲနေခဲ့လိမ့်မည်ထင်ပါသည်။
~~~~~@@@~~~~~
လဖက်ရည်ဆိုင်အပြင်ဖက်ကိုထွက်ခါနီးတွင်
သွယ်ကသူမရဲ့သုံးဆစ်ချိုးခေါက်ထီးလေးကိုဖွင့်ကာ
သူ့ကိုအ သာကမ်းပေးသည်။ သူလှမ်းယူလိုက်ရင်း
တာလပတ်အမိုးအပြင်ဖက်ရောက်တော့
နှစ်ယောက်အတူဆောင်း လိုက်၏။ သွယ်က
ထီးကိုင်ထားသောသူ့လက်မောင်းကို
နွေးထွေးသောလက်ကလေးတစ်ဖက်ဖြင့် အသာအ
ယာလာရောက်ချိတ်တွယ်သည်။
ခဏလောက်အလိုက်သင့်သူငြိမ်နေလိုက်ပြီး
နောက်တော့ ထီးကိုင်နေသော လက်ကို
တစ်ခြားလက်သို့ပြောင်းရင်း မသိမသာ
သွယ့်လက်ကိုဖယ်မိလိုက်၏။ ဘာဖြစ်နေတာလဲဟု
သူ့ကိုယ် သူပင်မဝေခွဲတတ်တော့.....။
သူတို့စီးရမည့်ဘတ်(စ်)ကားဂိတ်ကိုရောက်ခဲ့တော့
ကားဂိတ်အမိုးအောက်တွင်မိုးခိုစွာရပ်ရင်း
ကားစောင့်နေ သူအတော်များများကိုတွေ့ရ၏။
ကားဂိတ်အမိုးအောက်သို့ သွယ်ကအရင်ဝင်သည်။
သူကတော့ လက်ထဲမှရေ စိုစိုထီးကိုပိတ်ကာ
နောက်မှသွယ့်အနားတွင်ဝင်ရပ်မိ၏။ နောက်
လမ်းမပေါ်တွင်ဖြတ်သန်းသွားလာ
နေကြသောကားများကို
ရည်ရွယ်ချက်မဲ့စွာလိုက်ငေးနေလိုက်သည်။
သွယ့်ဖက်ကိုလှည့်ပြီးအရင်နေ့တွေကလို
စကားတွေမပြောဖြစ်ခဲ့....။ သူ့မျက်နှာသည်
ခုမှပိုပြီးသုန်မှုန်နေလောက်ပြီထင်၏။
ဟန်ဆောင်ခြင်းအတတ်ကို ပိရိသေသပ်စွာ
သိပ်မကျွမ်းကျင်သောသူ့ကို
သွယ်ကသတိထားမိလာပုံရစွာဖြင့်မေးသည်။
“မောင်....ဘာဖြစ်နေတာလဲဟင်”......
လှည့်မကြည့်ပဲ သူခေါင်းခါပြလိုက်သည်။
သွယ့်နှုတ်မှဖွင့်ဟစွာမေးလာတော့မှ
သူ့ရင်ထဲတွင် ၀မ်းနည်းအား ငယ်လာသလိုလို၊
ဘာကိုမှန်းမသိစွာဒေါသထွက်လာသလိုလိုခံစားမှုတစ်မျိုးကို
အကြိတ်အနယ်ပိုခံစားရသလို ရှိလာ၏။ ဒါကို
သွယ်သိမည်မထင်ပါ....။
သူအံကြိတ်ထားလိုက်မိသည်ထင်၏။
“လက်ထဲကရော ဘာအထုပ်လည်းဟင်.....မောင်”.....
သူစကားပြန်မပြောသေးတာမို့
စကားမရှိစကားရှာသလိုထပ်မေးလိုက်သော
သွယ့်လေသံတိုးတိုးကြောင့် လက်ထဲမှ
ကြွပ်ကြွပ်အိပ်နှင့်ဆွဲထားမိသောအထုပ်ကို
သတိရမိလာသည်။ သွယ်သိပ်ကြိုက်သည်ဟု ပြောဖူး
သော သူတို့ရုံးအောက်မှ
မုန့်လင်မယားမုန့်များပင်ဖြစ်၏။ သူကတော့
သွယ်ပြန်လာလျှင် လက်ဖက်ရည်ဆိုင်တွင်
သူနှင့်အတူ လဖက်ရည်သောက်ရင်းစားဖို့
ရုံးမှဆင်းဆင်းခြင်းဝင်ဝယ်ခဲ့ရသည်။
သို့သော် သွယ်ကတော့ သူမ
သူငယ်ချင်းများဖြင့်
ပျော်မြူးစွာတွေ့ဆုံနေခဲ့ပြီး...၊
သူတစ်ယောက်တည်းထိုင်စောင့်နေခဲ့ရသော
လမ်းဘေး လက်ဖက်ရည်ဆိုင်လေးသို့
အများကြီးနောက်ကျမှရောက်လာ၏။
နောက်ပြီးလိုက်ပို့သောသူကလည်း သူမရဲ့
ရည်းစားဟောင်းဆိုသူ......။ တွေးရင်းနှင့်ပင်
သူ့စိတ်ထဲတင်းခနဲဖြစ်မိရသည်။ ထို့အတူ
ရင်ဘတ်ထဲတွင်တစ် လှိုက်လှိုက်ဖြင့်တက်လာသော
ဘာရယ်မှန်းမသိသည့်ခံစားချက်ပြင်းပြင်းက
သူ့ကိုပိုမိုစွာရိုက်ပုတ်လာခဲ့သလို
ဖြစ်လာရပြန်၏။
ထို့ကြောင့်သွယ့်အမေးကို
သူပြန်မဖြေတော့ပဲလှည့်ကာတစ်ချက်စိုက်ကြည့်လိုက်ရင်း
ကားမှတ်တိုင်ဘေး၊ ခပ်
လှမ်းလှမ်းနေရာတွင်ရှိသည့်အမှိုက်ပုံးထဲသို့
မုန့်လင်မယားထည့်ထားသောအိတ်ကို
သွားလွှင့်ပစ်လိုက်မိ၏။ သူ
သွယ့်အနားသို့ပြန်ရောက်တော့
မိုးရေအနည်းငယ်စိုသွားသော
ခေါင်းကိုလက်ဖြင့်ခါမိဆဲ သွယ်ကထပ်ပြီး
မေးပြန်လေသည်။
“ဘာတွေလဲလို့....မေးနေတယ်လေမောင်ရယ်”......
“မုန့်လင်မယားတွေ”.....
ပြတ်တောင်းသောအသံဖြင့် သူဖြေရင်း
မျက်နှာကိုတစ်ဖက်သို့လွှဲလိုက်မိသည်။
သူမျက်နှာမလွှဲခင် သွယ့်မျက် နှာလေး
ညှိုးခနဲတစ်ချက်ဖြစ်သွားတာကိုမြင်ဖြစ်အောင်မြင်လိုက်မိသေး၏။
သူ့ရင်ထဲတွင် သွယ့်ရဲ့တစ်ချိန်က
လူကိုတွေ့လိုက်ရစဉ်
ညှိုးငယ်သွားရသောစိတ်နှင့်
ဘယ်ဟာကပိုသာမလဲဟု သူမတွေးချင်တော့ပါ.....။
ကားမှတ်တိုင်အပြင်ဖက်တွင်တော့
စောစောကခပ်ကျဲကျဲရွာနေသောမိုးစက်များကတစ်စ,စဖြင့်
ပိုမိုသည်းထန် စွာရွာကျနေခဲ့လေတော့၏။
~~~~~@@@~~~~~
=========================================
အပိုင်း(၂)ကို ဆက်ဖတ်ပေးပါဦးဗျာ...။
နေရာမဆန့်တော့လို့ပါ.....

=========================================
ချစ်ခြင်းအားဖြင့်......
ဏီလင်းညို
(နိဂုံးမဲ့တေးသွား.....)