ရန်ကုန်မြို့စွန်ရှိ
ဆင်ခြေဖုန်းရပ်ကွက်လေးတစ်ခုအတွင်းမှ
သူတို့ငှားနေသောသွပ်မိုးပျဉ်ထောင်တစ်ထပ်
အိမ်ကလေးမှာ
သည်းထန်စွာရွာသွန်းနေသောမိုးရေစက်များအောက်တွင်
ပြားပြားဝပ်နေခဲ့ရသလိုရှိနေလေသည်။
သည်းသည်းမည်းမည်းရွာသွန်းနေသောမိုးရေစက်များကို
မလင်းတစ်လင်းညမီးရောင်အောက်တွင်တွေ့နေခဲ့ရ၏။
သစ်သားပြတင်းပေါက်တံခါးကိုမပိတ်ပဲ
အနီတွင်ရပ်ကာမိုးစက်များကိုငေးမောနေမိသည့်
သူ့မျက်နှာနှင့်
ခန္ဓာကိုယ်အထက်ပိုင်းတော်တော်များများကို
မိုးစက်အချို့ကလာရောက်ထိမှန်နေခဲ့ကြတာ
အချိန်တစ်ခုပင် ကြာခဲ့ပြီ...။
ပြောရမည်ဆိုလျှင် အိမ်ပြန်ရောက်ပြီးကတည်းက
အ၀တ်အစားပင်မလဲနိုင်ပဲ ဒီပြတင်းပေါက်နား
တွင်သူရပ်နေမိခဲ့တာဖြစ်ပါသည်။
“ဟော....မောင်ရယ်၊
ခုထိအ၀တ်အစားမလဲရသေးဘူးလား....။ အဲ့ဒီမှာ
ဘာရပ်လုပ်နေတာလဲ”....
အိပ်ခန်းထဲဝင်ကာ
အ၀တ်အစားလဲပြီးပြန်ထွက်လာသောသွယ်က
နောက်နားမှနေပြီး သူ့ကို ညည်းညူသံအ
နည်းငယ်စွက်စွာ လှမ်းမေး၏။ နောက်...
“ဟယ်....ကြမ်းပြင်တွေလည်း
စိုရွဲကုန်ပါပြီမောင်ရယ်...။
သွားတော့လေ....တစ်ကိုယ်လုံးစိုရွဲနေပြီဟာကို”...
သူ့နှုတ်မှ ဘာမှပြန်မပြောမိ....။
သွယ့်စကားသံတွေက
အပြင်တွင်တိုက်ခတ်နေခဲ့သော
မိုးသက်လေပြင်းများ နှင့်အတူရောနှောကာ
သူ့နားထဲသို့ စီးမျောလာတာကို
အသာငြိမ်ကာနားထောင်နေလိုက်မိ၏။ သို့သော်
ရပ် နေသောနေရာမှ ခြေမရွေ့မိခဲ့....။
သွယ့်လေသံက ပုံမှန်ပေမယ့် သူ့ရင်ထဲတွင်
ပုံမှန်မဟုတ်စွာခံစားနေခဲ့ရမိ တာ
ဘာကြောင့်များလဲ...။ ဒီအဖြေကို
ခုထက်ထိသူရှာမတွေ့နိုင်ခဲ့သေး.....။
“ဒီနေ့ နောက်ကျရတဲ့ကြားထဲ
တစ်လမ်းလုံးလည်းဘာစကားမှမပြောဘူး....၊
ဈေးတောင်ဝင်မ၀ယ်ခဲ့ရလို့ ဒီည
အိမ်မှာချက်ဖို့ ဘာမှမရှိဘူးလေမောင်ရယ်.....။
သွယ်တို့ ဘာနဲ့စားကြမလဲဟင်”.....
“မင်း...ငါ့အတွက်မပူပါနဲ့....။ မင်းစားချင်တာသာ
တစ်ခုခုသွားဝယ်ပြီးစားလိုက်ပေါ့”.....
ပထမဦးဆုံးအကြိမ်အဖြစ် သွယ့်ဖက်ကိုလှည့်ကာ
သူပြောမိလိုက်၏။ နောက်ပြီး သူ့လေသံကလည်း
အတော် မာသွားသည်ကို
ဘာသာပြန်သတိထားမိလိုက်သည်။ မိုးရေစက်များ
စွန်းပေနေသောသူ့မျက်နှာသည်လည်း
အတော်ပင်တင်းမာနေခဲ့လိမ့်မည်။
“မောင်ဘာဖြစ်လို့ သွယ့်ကို
မင်းနဲ့ငါနဲ့သုံးပြီးပြောရတာလည်း....၊
ပြီးတော့ ဒီနေ့သွယ့်သူငယ်ချင်းတွေနဲ့
တွေ့ဆုံပွဲကိုသွားတာ
နည်းနည်းနောက်ကျမှပြန်ရောက်တာကလွဲလို့
သွယ်ဘာအမှားလုပ်မိလို့လည်း”......
နားမလည်စွာဖြင့် သွယ်ကပြန်မေးလာသည်။
အိမ်ထောင်သက်တစ်နှစ်ကျော်ကျော်အတွင်း
သူနှင့်သွယ်က တောက်ကဆဖြစ်စွာစကားများမိရတာ
အခုအကြိမ်ပထမဦးဆုံးဖြစ်၏။
သွယ့်မျက်ဝန်းထဲတွင်
မျက်ရည်ကြည်များရစ်သိုင်းနေခဲ့တာ.....၊
သွယ့်စကားသံအဆုံးတွင်
အသံလေးအဖျားခတ်စွာတုန်ယင်သွားတာကို
သူ့မျက်စိထဲ၊ ရင်ထဲမှနေ
သိဖြစ်အောင်သိမြင်ခံစားမိလိုက်သေးသည်။
သို့သော်.....
“ဟုတ်တယ်....၊ မင်းမမှားဘူး...ငါမှားတာ....။
သူငယ်ချင်းဟောင်းတွေ့ဆုံပွဲမှာ
ရည်းစားဟောင်းနဲ့တွေ့ပြီးပြန် လာတဲ့
မိန်းမကို လက်ဖက်ရည်ဆိုင်မှာ
အချိန်ကုန်ခံပြီးထိုင်စောင့်နေခဲ့တဲ့
ငါပဲမှားတာ”.....
မရည်ရွယ်စွာဖြင့်
သူ့နှုတ်မှစကားတချို့အန်ကျသွားမိရ၏။
“မောင်....ဘယ်လိုပြောလိုက်တာလည်းဟင်....။
ဒီမှာမောင်...ရည်းစားဟောင်းနဲ့တိတ်တိတ်ပုန်းချိန်းတွေ့ချင်
ရင်လေ...ဟောဒီရန်ကုန်မြို့ကြီးထဲမှာ
နေရာတွေအများကြီးပါ”.....
မခံချင်စိတ်တစ်ဝက်ဖြင့်
ပြန်ပြောနေသောသွယ့်အသံကို
သူနားထောင်နေလိုက်မိပြန်သည်။ သွယ့်မျက်နှာ
လေးသည်လည်း မခံချင်စိတ်နှင့် ဒေါသရောစွက်ကာ
အနည်းငယ်နီမြန်းနေခဲ့သည်ထင်ရ၏။
“ကမ္ဘာကြီးက ကျဉ်းတယ်ဆိုတာ အလကားပါမောင်.....။
ပုန်းပြီးမဟုတ်တာကိုလုပ်ချင်ရင်
ဒီရန်ကုန်မြို့ကြီး ထဲမှာ နေရာတွေမှ
အများကြီးပါ....။
မင်းလွင်နဲ့ သွယ့်အကြောင်းကို သွယ်ဖက်က
ရိုးသားလို့
မောင့်ကိုအစောကြီးကတည်းကသွယ်ပြောပြထားပြီး
သားပါမောင်....။ ပြီးတော့ ဒီနေ့လည်း
သူတို့ကမောင့်ကိုတစ်ကယ်တွေ့ချင်တယ်ဆိုလို့
လိုက်ပို့ရင်းလိုက်လာ ကြတာ....။
သွယ်နဲ့သူတို့နှစ်ယောက်တည်းတင်မဟုတ်ပါဘူး...။
ရပ်ထားခဲ့တဲ့ကားပေါ်မှာ နောက်ထပ်သူငယ်
ချင်းနှစ်ယောက်တောင်ပါပါသေးတယ်.....။
အခုသူလည်း...ပြည်ပမှာ သူ့အိမ်ထောင်နဲ့သူ...၊
သွယ်လည်းဒီမှာ သွယ်သိပ်ချစ်တဲ့မောင်နဲ့အတူ
အိမ်ထောင်ကျထားပြီးသား...။ အစကတည်းက
ပြည်ပမှာအခြေချချင်တဲ့ သူနဲ့ သွယ်နဲ့
သဘောထားချင်းမတိုက်ဆိုင်လို့
ရှင်းရှင်းပြတ်ပြတ်လမ်းခွဲခဲ့ကြပြီးသား....။
မောင့်ဘာသာ တစ်ဖက် သတ်အတွေးနဲ့
သ၀န်တိုပြီးသွယ့်ကိုလာစွပ်စွဲမနေနဲ့”......
ပြောရင်း စီးကျလာသောမျက်ရည်များကို
လက်ဖမိုးနှစ်ဖက်ဖြင့်ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်သော
သွယ့်ကို သူငေးကြည့်နေလိုက်မိသည်။
သ၀န်တိုနေတာတဲ့....။ သွယ်ကသူ့ကိုပြောသည်။
သူသ၀န်တိုနေတာတဲ့....။
“ပြီးတော့ မောင့်ကို သွယ်တစ်ကယ်မချစ်ရင်
မိဘတွေရဲ့အစွန့်ပစ်ခံပြီး
မောင့်နောက်ကိုတောင်လိုက်လာမှာ မဟုတ်ဘူး...။
ပိုင်ဆိုင်မှုတွေ ပိုက်ဆံတွေကိုမက်ရင်
သွယ်အခုမောင်နဲ့အတူရှိနေမှာမဟုတ်ပါဘူး..၊
မောင့်ရဲ့ သ၀န်တိုမှုတွေက သွယ့်ကို
ဒီတစ်ညနေလုံးလောင်မြိုက်စေခဲ့ပါပြီမောင်ရယ်”.....
ငိုရှိုက်သံသဲ့သဲ့ဖြင့်
ပြောနေသောသွယ့်စကားသံကို
အံကြိတ်ကာနားထောင်ရင်း သူ့ကိုယ်သူ
သတိထားမိလာ ခဲ့ရသည်။ ဟုတ်သည်....။
“ဟုတ်တယ်ကွာ....ငါသ၀န်တိုတယ်ကွာ....။
အဲ့ဒါမင်းကိုချစ်လို့ သ၀န်တိုတာ....။
မင်းကိုချစ်လို့ သ၀န်တိုတာ
....ကဲကွာ.....ကဲကွာ”......
စိတ်မထိန်းနိုင်စွာဖြင့်
ပြတင်းပေါက်ဘေးမှနံရံကို
သူလက်သီးဖြင့်ထိုးမိသည်။
သွယ့်ကိုနာကျင်အောင် သူ
မလုပ်ရက်တာမို့ဖြစ်၏။ တစ်ချက်၊ နှစ်ချက်.....၊
သုံးချက်မြောက်တွင်....သူ့လက်ကို
သွယ်ကအတင်းဝင်ဆွဲရင်း
“တော်ပါတော့မောင်ရယ်.....။
လက်တွေနာကုန်တော့မယ်...။ သွယ်ပြန်ပြောလို့
သွယ့်ကိုစိတ်ဆိုးတယ်ဆိုရင် သွယ့်ကို
ရိုက်ပစ်လိုက်ပါမောင်”....
ငိုရှိုက်သံများဖြင့် ဗလုံးဗထွေးပြောနေသော
သွယ်သည် အလွန်သနားစရာကောင်းနေခဲ့၏။
သို့သော် သွယ့် လက်ထဲမှသူ့လက်ကို
အတင်းရုန်းထွက်ခဲ့လိုက်ရင်း
အိပ်ခန်းထဲသို့ သူဝင်ခဲ့လိုက်သည်။
အမြဲလိုလိုပျော်စရာ ကောင်းစွာ
ချမ်းမြေ့ခဲ့ရသော
သူတို့နှစ်ယောက်ရဲ့ရိပ်မြုံလေးသည် ခုညတော့
သူ့သ၀န်တိုမှုများဖြင့် အကျည်း
တန်ခဲ့ရပြီထင်၏။
ခုတင်ပေါ်တွင်
ဝုန်းကနဲသူမှောက်ချလိုက်မိသည်။
ဈေးသိပ်မကြီးသော မွေ့ယာခပ်ပါးပါးလေးတွင်
သွယ့်ကိုယ် သင်းရနံ့လေးက
သင်းမြနေခဲ့သလိုလို.....။
မှောက်ထားရင်း...သူ့မျက်ဝန်းမှ
မျက်ရည်တွေစီးကျလာသည်ထင် ရ၏။
အခက်အခဲအမျိုးမျိုးကြားမှ
သူကြိုးစားရယူခဲ့မိရသော
အမြတ်နိုးဆုံးသွယ့်ကို
သူအဆုံးအရှုံးမခံနိုင်ပါ...။ သွယ့်ဖက်က
ရိုးသားနေခဲ့တာ သိနေခဲ့လျှက်နှင့်
မရည်ရွယ်စွာ
အပြစ်ရှာရန်လုပ်မိသလိုဖြစ်သွားရသော သူ့
ကိုယ်သူလည်း....ခွင့်မလွှတ်ချင်တော့...။
ဘာကွာခြားချက်မှ သိပ်မရှိပဲ
အကြောင်းပြချက်တစ်စုံတရာကင်းမဲ့ စွာ
သူတို့နှစ်ယောက်အားစွန့်ပစ်ခဲ့ကြသော
နှစ်ဖက်မိဘများကြောင့် လောလောဆယ်တွင်
သွယ့်အတွက်အား
ကိုးစရာခင်ပွန်းဆိုသည်မှာသူ....၊ သူ့အတွက်
တွယ်တာစရာဆိုတာ...သွယ်တစ်ယောက်တည်း..။
ဒီအခြေအ အနေမှာ သွယ်သူ့ကိုထားသွားမလားဟု
သူတွေးမိပူပန်မိရတာ
သွယ်သိလျှင်အပြစ်ဆိုမလား....။ ဒါကြောင့်ပဲ
သူပေါက်ကွဲမိတာဆိုလျှင် ရော....။
နှစ်ယောက်တစ်အိပ်မက်ဟု ဆိုလျှင်ရနိုင်သော
သူနှင့်သွယ်တို့နှစ်ဦးရဲ့ အိပ်မက်ထဲတွင်
သွယ်မရှိပဲ သူတစ်ယောက်တည်း ဘယ်လိုမှ
အိပ်မက်ဆက်မက်ဖို့ မဖြစ်နိုင်ပါ....။
ဘာပဲဖြစ်ဖြစ် သူ့ကြောင့်
သွယ်နာကျင်ထိခိုက်သွားရမှာကို
သူလုံးဝမလိုလားပါ....။ သူသည် သွယ်အားကိုးစွာ
ချစ်ခင်ရသော
ခင်ပွန်းကောင်းတစ်ယောက်အဖြစ်သာတစ်လျှောက်လုံးရပ်တည်သွားမိချင်ပါသည်။
သူ့ကိုမုန်း တီးစွာရွံ့ကြောက်နေမှာကို
မလိုလားပါ.....။
သူ့မျက်ရည်တွေထပ်မံကျဆင်းလာပြန်ပါသည်။
ယောက်ျားဖြစ် တဲ့
သူ့မျက်လုံးတွေလည်း.....ငိုတတ်ပါသည်။
သူထပ်ငိုရှိုက်မိပြန်သည်ထင်၏။
ထိုစဉ်ညင်သာသောခြေသံလေးကို
သူ့နားထဲကြားလိုက်ရ၏။ သွယ်ဝင်လာတာဖြစ်မည်။
ထို့ကြောင့် မျက်ရည် များကို
မှောက်လျှက်အနေအထားမှ ပခုံးဖြင့်
သူပွတ်သုတ်လိုက်မိသည်။ စောစောက
နံရံကိုထိုးခဲ့သော သူ့ရဲ့ လက်တစ်ဖက်ကို
သွယ်က အတင်းဆွဲယူသည်။
နောက်....လက်သီးဆုပ်ထားဆဲ သူ့လက်ကို
အတင်းဖြေကာ ကြည့်ရင်း......
“ကြည့်စမ်းပါဦး....ဂစ်တာတီးတတ်တဲ့
မောင့်လက်ကလေးတွေ ပေါက်ပြဲကုန်ပြီ”....
ညည်းညူသံတစ်ဝက်၊ ရှိုက်သံတစ်ဖက်ဖြင့်
သွယ်ကငိုရင်းသူမတစ်ယောက်တည်းတီးတိုးဆို၏။
နောက် ငိုရင်း ဆေးထည့်ကာ
ပတ်တီးစီးပေးနေလေသည်။
သွယ့်အပြုအစုများကြောင့်
သူ့မျက်ရည်တွေထပ်ကျလာမိတာ ကို
တစ်ဖက်ပခုံးဖြင့် ပွတ်သုတ်မိ၏။
သွယ်ပတ်တီးစီးပြီးသွားတော့
သူထ,ထိုင်လိုက်သည်။ သွယ့်ဖက်ကို
မျက်နှာမလှည့်ပဲ ခပ်စောင်းစောင်းလွှဲရင်း
အိပ်ခန်းအပြင်သို့ သူထွက်ခဲ့တော့
သွယ်ကနောက်မှ လိုက်လာ၏။
သူ့မျက်ရည်များ...သိပ်မစင်သေးဟု
ကိုယ့်ကိုယ်ကိုထင်တာမို့ သူသွယ့်ကို
မျက်နှာလွှဲထားမိခြင်းသာ.....။ အိမ်
ရှေ့ဖိနပ်ချွတ်တွင်ထောင်ထားသော
ထီးကလေးကိုယူရင်း....ဖိနပ်စီးကာ
အိမ်ပေါ်မှသူဆင်းဟန်ပြင်တော့ အ
သံတိုးတိုးလေးဖြင့်ငိုရှိုက်ကာ
သွယ်ကမေးပြန်လေသည်။
“ဘယ်သွားမလို့လဲမောင်..၊
အခုမိုးတွေမှောင်မည်းပြီး သည်းနေတာ.....။
အိမ်မှာသွယ်တစ်ယောက်တည်း ရယ်”......
သူထီးကိုဖွင့်ရင်း
နောက်ပြန်မလှည့်ပဲလေသံပျော့ပျော့ဖြင့်
ပြန်ဖြေမိသည်။
“လမ်းထိပ်မှာ ထမင်းနဲ့စားဖို့
ဝက်ခေါင်းသုပ်နဲ့
ဝက်ခြေထောက်စွပ်ပြုတ်သွားဝယ်မလို့”.....
သွယ့်ထံမှ ဘာသံမှထပ်ထွက်မလာတော့......။
တစ်ကယ်တော့ ၀က်ခေါင်းသုပ်နှင့်
ဝက်ခြေထောက်စွပ်ပြုတ် စသော အစားအစာများသည်
သွယ်သိပ်နှစ်သက်တတ်သော
အစားအစာများမဟုတ်ပါလား......။
~~~~~@@@~~~~~
အိမ်အပြင်ဖက်တွင်မိုးများသည်းထန်စွာရွာသွန်းနေသည်။
ရေ၀ပ်နေသောချိုင့်ခွက်များကိုပင်မရှောင်တော့ပဲ
သူနင်းဖြတ်ခဲ့မိ၏။ နောက်
စိတ်ထဲမှနေလည်းတွေးလိုက်မိပြန်သည်။
သွယ်တစ်ယောက်
ခုချိန်လောက်များဆိုလျှင်ဗိုက်ဆာနေလောက်ပြီ....။
လက်ထဲမှ
ဝက်ခေါင်းသုပ်နှင့်ဝက်ခြေထောက်စွပ်ပြုတ်ရနံ့က
မိုးသက်လေထဲတွင် မွှေးပျံ့လာသလိုရှိ၏။ ။
~~~~~@@@~~~~~@@@~~~~~@@@~~~~~
===========================================
ချစ်ခြင်းအားဖြင့်.....
ဏီလင်းညို
(နိဂုံးမဲ့တေးသွား.....)